ရာသီလာချိန် အချဉ် မစားရဘူးဆိုတာ တကယ်လား
ရာသီလာချိန်မှာ အချဉ်တွေ မစားနဲ့လေဆိုတာ ကြားဖူးကြတယ်ဟုတ် ညီအစ်မတို့ရေ …….. ဒါက တကယ်ပဲလား? ဘာလို့ မစားရတာလဲ ဆိုတာကို သိချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်တော့နော်။
ရာသီလာချိန်က အမျိုးသမီးတော်တော်များများကို စိတ်ညစ်စေပါတယ်။ အကြောင်းကတော့ ရာသီပုံမှန်လာတာက ကျန်းမာတယ်ဆိုတဲ့ လက္ခဏာဆိုပေမယ့် စိတ်ဒုက္ခရောက်တာ၊ ကသိကအောင့်ဖြစ်တာမျိုးကိုတော့ ခံစားရစမြဲပါ။ တစ်ချိန်တည်းမှာပဲ ရာသီလာချိန်မှာ နေထိုင်မကောင်း ဖြစ်တာမျိုး အင်အားကုန်တာမျိုး မဖြစ်စေဖို့ဆိုရင် ရာသီလာချိန်မှာ အစားအသောက်ကို ဂရုစိုက်ဖို့ လိုပါမယ်။
ဒါကြောင့် ရာသီလာချိန်မှာ ဘာတွေစားရမယ်။ ဘာတွေ မစားရဘူးဆိုပြီး ပြောကြတာတွေရှိနေကြတာပေါ့။ ဒီလို ပြောကြတဲ့အထဲမှာ ရာသီလာချိန်မှာ အချဉ် မစားရဘူးလို့ ပြောကြတာကိုလည်း ကြားဖူးမှာပေါ့။ ဒါက တကယ်ပဲလား။ ရာသီလာချိန်မှာ အချဉ် မစားရဘူးလား။ ဘာဖြစ်တတ်လို့လဲဆိုတာကို ပြောပြပေးချင်ပါတယ်။
ရာသီလာချိန် အချဉ်တွေ မစားရဘူးလား?
အချို့တွေကလည်း ရာသီလာချိန်မှာ အချဉ်ဓာတ်ပါတဲ့ အသီးတွေ စားတာက ရာသီလာချိန်မှာ နာကျင်ကိုက်ခဲမှုကို ပိုဆိုးစေပြီး ရာသီသွေးဆင်း နည်းသွားတာကို ဖြစ်စေသလို အချို့သော အသီးတွေကလည်း ရာသီသွေးဆင်းများစေတယ်လို့ ယူဆကြတာတွေ ရှိပါတယ်။ အချို့ကလည်း အချဉ်တွေစားတာက ရာသီသွေးဆင်းတာကို ရပ်သွားစေတယ်လို့ ယူဆကြတာတွေလည်း ရှိပါတယ်။
ရာသီလာချိန်မှာ ရှောက်သီးတွေ၊ အချဉ်ပေါင်း၊ သရက်သီး၊ သံပုရာပေါင်း စတာတွေကို မစားရဘူးလား။ ဒါတွေစားရင် ရာသီသွေးဆင်းတာကို ထိခိုက်စေမှာလားဆိုတာကို ကျွမ်းကျင်သူတွေကတော့ ရာသီလာချိန်မှာ အချဉ်တွေ စားတာကြောင့် ရာသီသွေးဆင်းတဲ့အပေါ်မှာ သက်ရောက်တာမျိုး မရှိသလို အမျိုးသမီးတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေတာမျိုးလည်း မရှိပါဘူး။
နောက်ထပ် ပြောပြချင်တဲ့ အချက်တစ်ခုက ရာသီလာချိန်မှာ ကျန်းမာတဲ့ အစားအစာတွေကို စားဖို့ လိုအပ်တာပါ အစားအစာက ချဉ်တာ မချဉ်တာတွေလည်း မတိုင်ပါဘူး။ အကြောင်းကတော့ ရာသီလာချိန်မှာ သွေးဆုံးရှုံးမှု ရှိတာကြောင့် ရာသီလာချိန်မှာ ပင်ပန်းတာ၊ ဖျားချင်သလိုလို ဖြစ်တာ၊ ကိုက်ခဲတာတွေကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် ရာသီလာချိန်မှာ အစာအာဟာရ ပြည့်ဝမျှတအောင် စားသုံးဖို့က အရေးကြီးပါတယ်။ အချဉ်မို့လို့ ရှောင်ရမယ်ဆိုတာမျိုး မရှိပါဘူး။
ရာသီလာချိန်မှာ အားအင်ကုန်ခမ်းမှု လျှော့ကျစေဖို့
ရာသီလာချိန်မှာ အပေါ်မှာ ပြောခဲ့သလိုပဲ အာဟာရမျှတစွာ စားသောက်ဖို့ကသာ အရေးကြီးတာပါ။ အချဉ်မို့လို့ ရှောင်ရမယ်။ အဖန်တွေ မစားနဲ့။ အစပ်တွေ မစားနဲ့ဆိုတာမျိုး မရှိပါဘူး။ အလွန်အကျွံ မစားမိဖို့တော့ လိုပါမယ်။
ဒီလို စားသုံးရာမှာ ရာသီလာချိန်မှာ သွေးဆုံးရှုံးမှုကြောင့် အားနည်းတာ၊ ဖျားနာတာမျိုး မဖြစ်စေဖို့ဆိုရင် ပရိုတင်း ကြွယ်ဝတာ စားပါ။ ဥပမာ- ကြက်သား၊ အဆီမပါတဲ့ အနီရောင် အသား၊ ဥအမျိုးမျိုး၊ ငါး စတာတွေကို စားပေးဖို့ လိုပါမယ်။ ဒိန်ချဉ်သောက်တာ၊ နွားနို့သောက်တာတွေ လုပ်ပေးလို့ ရပါတယ်။
နောက်တစ်ချက်က အာဟာရပြည့်ဝစေဖို့ မနက်စာကစလို့ တစ်နေ့တာလုံးမှာ ၃ နပ် ကနေ ၄ နပ်လောက် စားပေးပါ။ ဒီလို စားသုံးပေးတာက ခန္ဓာကိုယ်မှာ အင်အားပြည့်ဝစေပြီး ကျန်းမာနေစေဖို့ ထောက်ကူပေးနိုင်မှာပါ။
ရာသီသွေးနဲ့အတူ ဆုံးရှုံးသွားတဲ့ သံဓာတ်တွေ ပြည့်ဝစေဖို့အတွက် နေ့စဉ် စားသုံးမှုမှာ သံဓာတ် ပြည့်ဝတဲ့ ဟင်းနုနွယ်၊ ပဲအမျိုးမျိုး၊ ရွှေဖရုံစေ့တွေကို စားပေးတာမျိုး လုပ်ပေးပါ။ သံဓာတ်အားဖြည့်ဆေးသောက်ပေးတာမျိုး လုပ်ပေးလို့လည်း ရပါတယ်။
မွန်မွန်